

၂၄ပစ္စည်း-ပဋ္ဌာန်းရုပ်ပြစုံ
									
									
ညောင်ပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်တို့အား ပင်စည်ပြန့်ပွားခြင်း၏ အကြောင်းအဖြစ် ကျေးဇူးပြုသကဲ့သို့ လောဘ၊ဒေါသ၊မောဟာ အဒေါသ၊အလောဘ၊အမောဟ အားဖြင့်ခြောက်ပါးသော ဟိတ်တရားတို့၏ သဟဇာတ် သမ္ပယုတ်ဖြစ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့အား စည်ပင်ပြန့်ပွားကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟေတုပစ္စည်း။
									
ကြိုးလွန်၊ တောင်ဝှေး အစရှိသည် သည် မစွမ်းနိုင်သူလူအပေါင်းအား ဆွဲရာ၊ ထောက်ရာ အားဖြင့် ကျေးဇူးပြုသကဲ့သို့ ရူပါရုံအစရှိသော အာရုံခြောက်ပါး ပစ္စည်းတရားတို့၏ လေးပါးသော နာမက္ခန္ဓာတို့အား ဆွဲရာ၊ ထောက်ရာ၊ အာရုံပြုရာအားဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာရမ္မနပစ္စည်း
									
လေးကျွန်းသနင်း သကြာမင်းသည်၊ စက်တွင်းအာဏာ၊ ပိုင်ထိုက်ရာဟူ၊ ခပ်သိမ်းလူကို၊ ပြိုင်သူဝေးကွာ၊ အာဏာလွမ်းမိုး၊ အစိုးရခြင်းဖြစ်သကဲ့သို့၊ အလေးအမြတ်ပြုစေအပ်သည်၊ ခြောက်ရပ်အာရုံ၊ လေးစုံသော ဆန္ဒ-စိတ္တ-ဝီရိယ-ဝီမံသ တို့၏ မိမိဆိုင်ရာ၊ နာမ်ခန္ဓာနှင့်၊ သဟဇာတ်မှန်၊ နာမ်ရုပ်များစွာ၊ ငါးခန္ဓာကို၊ အာဏာလွမ်းမိုး၊ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသည့် အဓိပတိပစ္စည်း။
									
စတုဒီပ၊ စက္ကိန္ဒသည် သားလှသည်းချာ သြရသာကို နန်းလျာထီးဖြူ ဆောင်းနှင်းမူလျက် နတ်ရွာတက်၏ သိူ့၊ ပဋိသန္ဓေ အစရှိသော ရှေးရှေးသော နာမက္ခန္ဓာတို့၏ ထင်ရှားမရှိ ချုပ်လေခြင်းဖြင့် ပထမဘဝင်အစရှိသော နောက်နောက်သော နာမက္ခန္ဓာတို့အား မိမိ၏ အခြားမဲ့ ၌ ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော အနန္တရပစ္စည်း။
									
လေးကျွန်းရောင်ရှိန်၊ တောက်လောင်ထိမ်သည့် ဘူမိန္ဒရာဇ် စောသနစ်၏ ချစ်သားသြရသာ ဥပရာကို နန်းလျာဆောင်နှင်း အလှည့်သွင်းလျက် တောထွက်ခြင်းအမှု့သည် ထိုသားကြီးရတနာအား မင်းအဖြစ်ကိုရ စေခြင်းငှာကျေးဇူးပြုသကဲ့သို့ နောက်နောက်သော နာမက္ခန္ဒာတို့အား ဖြစ်ခွင့်ပေးသော ရှေးရှေးသော နာမက္ခန္ဒာတို့၏ ချုပ်ပျောက်ခြင်းဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော သမနန္တရပစ္စည်း။
									
ဆီမီးတောက်သည် မိမိတောက်ထွန်းသည်နှင့် တစ်ပြိုင်နက် အလင်းရောင်ဖြစ်စေသကဲ့သို့၊ ဝေဒနက္ခန္ဓာ အစရှိသည်တို့၏ သဟဇာတ်ရုပ်နာမ်တရားတို့အား လည်းကောင်း၊ ပထဝီအစရှိသော မဟာဘုတ်တို့၏ ကြွင်းသော မဟာဘုတ်ဥပါဒါရုပ်တို့အားလည်းကောင်း၊ မိမိနှင့် မရှေးမနှောင်း တစ်ပေါင်းတည်းဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟဇာတပစ္စည်း။
									
အခြေလေးခု၊ အခြေနှစ်ခုရှိသော သတ္တဝါတို့၏ ထို အခြေလေးခု အခြေနှစ်ခုတို့သည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား အပြန်အလှန်အထောက်အပံ့ဖြစ်၍ ကျေးဇူးပြုသကဲ့သို ့၊နာမက္ခန္ဒာလေးပါးတို့၏ လည်းကောင်း၊ မဟာဘုတ်လေးပါးတို့၏လည်းကောင်း၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဒာနှင့် ဟာဒယ ဝတ္ထုတို့၏ လည်းကောင်း အချင်းချင်း တစ်ပါးသည် တစ်ပါးအား အပြန်အလှန်အထောက်အပံ့ဖြစ်၍ ကျေးဇူးပြုခြင်းလက္ခဏာရှိသော အညမညပစ္စည်း။
									
မြေကြီးအစရှိသည်သည် သစ်ပင်နွယ် သတ္တဝါတို့၏ မှီရာဖြစ်သကဲ့သို့၊ စက္ခုအစရှိသော ခြောက်ပါးသောဝတ္ထုရုပ်တို့၏ စက္ခုဝိညာဏ် အစရှိသော ခုနှစ်ပါးသော ဝိညာဏ်တို့အား ရှေး၌ မှီရာဖြစ်၍ ကျေးဇူးပြုခြင်း၊ ပုဆိုး အစရှိသည်သည် ပန်းချီ ဆေး အစရှိသည် တို့၏ တကွမှီရာဖြစ်၍ ကျေးဇူးပြုသကဲ့သို့၊ နာမက္ခန္ဒာ လေးပါး မဟာဘုတ်လေးပါးတို့၏ မိမိမှကြွင်းသော နာမက္ခန္ဒာ မဟာဘုတ် စိတ္တဇရုပ် ဥပါဒါရုပ် တို့အား အကွမှီရာဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော နိဿယပစ္စည်း။
									
မိုးတွင်းလေးလပတ်လုံးရွားသောမိုးကြီးသည် မိုးကိုမှီကုန်သော မြက်၊ သစ်ပင်တို့အား တစ်နေ့တစ်ခြား တိုးပွားစည်ပင်ခြင်းငှာကျေးဇူးပြုသကဲ့သို့၊ ရှေးရှေး၌ ဖြစ်သော ကုသိုလ်၊ အကုသိုလ်၏ နောက်နောက်မှဖြစ်သော ကုသိုလ်၊ အကုသိုလ်တို့အား တရွေ့ရွေ့ တိုးပွား အားရှိစေသောအားဖြင့် အားကြီးသောမှီရာဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဥပနိဿယ ပစ္စည်း။
									
ကမ္ဘာဦးက ကွန့်မြုးရောင်ရွှန်း နေလဝန်းတို့သည် အလင်းကိုမှီကုန်သော သတ္တဝါတို့အား ရှေး၌ ဖြစ်၍ ထိုထိုအလိုရှိအပ်သော အမှု့ကြီးငယ်တို့ကို ပြီးစေခြင်းငှာကျေးဇူးပြုသကဲ့သို့ ရှေး၌ ဖြစ်သောဝတ္ထုခြောက်ပါးတို့၏ နောက်၌ ဖြစ်သော နာမက္ခန္ဒာတို့အား ဆွဲမှီရာပြုလျက် ရှေ့၌တည်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပုရေဇာတပစ္စည်း။
									
အစာမစား၊ ဖွားစနုနယ် ဠင်းတငယ်တို့၏ နောင်ဝယ်စားရလတ္တံဟု ချင်ခြင်းစေတနာသည် ထို ဠင်းတငယ်တို့အား ခန္ဓာမကြေ၊ မသေမပျောက်၊ မွှေးတောင်ပေါက်၍ အလျောက်ဘာသာ ကြီးမြင့်လာအောင် ကောင်းစွာကျေးဇူးပြုသကဲ့သို့၊ နောက်၍ဖြစ်သော ပဉ္စဝေါကာရ နာမက္ခန္ဒာ တို့၏ ရှေး၌ ဖြစ်သော ရူပက္ခန္ဓာတို့အား မချုပ်မပျောက် တစ်ဆယ်ခုနှစ်ချက် စိတ္တက္ခဏတိုင် ရောက်အောင် အသက်ရှည်စေခြင်းဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ပစ္ဆာဇာတပစ္စည်း။
									
ရှေးရှေးလိမ်းကျံအပ် ထုံအပ်သော အရက်၊ နံသာ၊ အစရှိသည်တို့၏ အနံသည် နောက်နောက် ထုံအပ်သော အရက် နံသာ အစရှိသည်တို့အား အတိုင်းထက်အလွန် အခိုး အနံ့ထွက်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေးရှေး၌ဖြစ်သော ပထမဇော အစရှိသည်တို့၏ နောက်နောက်ရှိသော ဒုတိယဇော အစရှိသည်တို့အား အဆင့်ဆင့်တိုးပွားအားရှိစေသဖြင့် အဖန်တလဲလဲ မှီဝဲထုံတတ်သော အဖြစ်ဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှီသော အာသေဝနပစ္စည်း။
									
သရက်၊ မာလကာ၊ တမာ၊ ခွေးတောက်ပင် အစရှိသည်တို့၏ မျိုးစေ့သည် ထိုထို သရက် မာလကာ တမာ ဖွေးတောက်ပင် အစရှိသည်၏ ပေါက်ရောက်ကြောင်းဖြစ်သကဲ့သို့ ကုသိုလ်၊ အကုသိုလ် အစရှိသောစေတနာတို့၏ အခုဘဝ သဟာဇာတဖြစ်သော ရုပ်နာမ်တရားတို့အားလည်းကောင်း နောက်နောက်သော ခဏ နောက်နောက်သော ဘဝတို့၌ ရလတ္တံ့သော ဝိပေါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့အား လည်းကောင်း ဖြစ်ကြောင်းဖြစ်၍၊ ဝှာ ဖြစ်စေခြင်းငှာ ပြုပြင်တတ်သည်ဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ကမ္မပစ္စည်း။
									
ချမ်းအေးခြင်းသဘောကိုဖြစ်စေဘိသကဲ့သို့ သာယာဖြေးညှင်း သိမ်မွေ့ခြင်းလက္ခဏာ၇ှိသောအကျိုးဝိပေါက် နာမက္ခန္ဒာ တို့၏ သာယာဖြေးညှင်း သိမ်မွေ့ခြင်းသဘော၇ှိသော သဟာဇာတ်ဝိပါက် ရုပ်နာမ်တရားတို့အား သိမ်မွေ့စွာဖြစ်စေခြင်း လက္ခဏာရှိသော ဝိပါကပစ္စည်း။
									
တိုင် အစရှိသည်သည် ထုပ်၊ လျောက်၊ ခြင်၊ ခံ၊ နံရံ၊ အမိုး စသည်တို့အား ထောက်ပံ့တည်တံ့စေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ဖဿ၊ စေတနာ၊ ဝိညာဏ်၊ ကဗဠီကာရအာဟာရဟု ဆိုအပ်သော အာဟာရတရားလေးပါးတို့၏ သဟဇာတ်ရုပ်နာမ်တို့အား ထောက်ပံ့ဆောင်ရွက်သောအားဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော အာဟာရပစ္စည်း။
									
မြို့ပြကျေးရွာ သီးသန့်ပေး၍ မွေးကျွေးခန့်ထား မူးမတ်များတို့သည် အချင်းချင်းအစိုးရခြင်း သတ္တိကို မဖြစ်မူ၍ မိမိပိုင်ရာ အာဏာအတွင်း လူခပင်းကို နှိမ်နင်းလွမ်းမိုး အစိုးရခြင်းဖြင့် ကိုးစားအားပြုရာဖြစ်၍ ကျေးဇူးပြုသကဲ့သို့ နာမက္ခန္ဓာ လေးပါးတို့၏ သဟဇာတ်ဖြစ်သော ရုပ်နာမ်တရားတို့အား တကွဖြစ်၍ အစိုးရခြင်း၊ စက္ခုအစရှိသော ဝတ္ထုခြောက်ပါးတို့၏ စက္ခုဝိညာဏ် အစရှိသော သတ္တဝိညာဏဓာတ်တို့အား ထိုက်လျောက်သည့်အားလျော်စွာ ရှေ့၌တည်၍အစိုးရခြင်း ရုပ်ဇီဝိတိန္ဒြေ၏ ကလာပ်တူ ကမ္မဇရုပ်တို့အား တစ်ကွဖြစ်၍ အစဉ်စောင့်ရှောက်သောအားဖြင့် အစိုးရခြင်း ဤသို့ဆိုအပ်ခဲ့ပြီးသော အစိုးရခြင်းဖြင့်ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဣန္ဒြိယပစ္စည်း။
									
ကြီးလှခွန်အား စွမ်းပကားနှင့် တောင်ဖျားတောင်ပေါ် တက်မျှော်နိုင်သူသည် အားပါးနွဲ့လျ မစွမ်းကြ၍ အောက်ကနေသူလူအပေါင်းတို့အား အဝေးအနီး အကြီးအငယ်မဆို ထိုထိုအရပ်၍တည်သော အလိုရှိအပ်သောဝတ္ထုတို့ကို ထင်း၇ှားရှု့စေ သိစေခြင်းငှာ ပြောကြားခြင်းအားဖြင့်ကျေးဇူးပြုသကဲ့သို့ ဝိတက် ဝိစာရ အစရှိသော ဈာနင်တရားငါးပါးတို့၏ သဟာ ဇာတ်ရုပ်နာမ်တို့အား ထိုထိုသောအာရုံ ဝတ္ထု အမှုကြီးငယ် တို့၌ ပျော်ပိုက် ကျက်စားနိုင်စေခြင်းငှာကျေးဇူးပြုခြင်းဟု ဆိုအပ်သော ဈာနပစ္စည်း။
									
									သားရဲရှိရာ ဤမှာဖက်မှ သားရဲကင်းရာ 
									ဟိုမှာဖက်သို့ ပို့ဆောင်တတ်သော ကုတို့သူကြီး 
									ပညာရှိသည် ကုတို့စီးသူလူအပေါင်းအား 
									သားရဲဘေးဒဏ် ရမ္မက်ကင်းရာ
									ဟိုမှာဖက်သို့ ရောက်စေကြောင်းဖြစ်သကဲ့သို့ ၊ 
									ကုသိုလ် ဝိပါက် ကရိယာ မဂ္ဂင်တရားရှစ်ပါးတို့၏ 
									သဟဇာတ်ရုပ်နာမ်တရား တို့အား မဲညစ်သော 
									သာဝဇ္ဇအကုသိုလ်အဖြစ်မှ ဖြူစင်သော 
									အနဝဇ္ဇအဖို့သို့ 
									ရောက်ကြောင်းအားဖြင့်ကျေးဇူးပြုခြင်း၊ 
									သားရဲကင်းရာ ဤမှာဖက်မှ သားရဲရှိရာ 
									ဟိုမှာဖက်သို့ ပို့ဆောင်တတ်သော ကုတို့သူကြီး 
									သူစဉ်းလဲသည် ကုတို့စီးသူလူအပေါင်းအား 
									သားရဲရှိရာဤမှာဖက်သို့ 
									ရောက်မှားစေကြောင်းဖြစ်သကဲ့သို့ မိစ္ဆာဒိဋ္ဌိ 
									မိစ္ဆာသတိ အစရှိသောအကုသိုလ် 
									မဂ္ဂင်တရားလေးပါးတို့၏ 
									သဟဇာတ်ရုပ်နာမ်တရားတို့အား ဖြူစင်သော အနဝဇ္ဇမှ 
									မည်းညစ်သောသာဝိဇ္ဇ အကုသိုလ်ဓမ္မ 
									သို့ရောက်စေကြောင်း 
									ကျေးဇူးပြုခြင်းဟုဆိုအပ်သော မဂ္ဂပစ္စည်း။
									
နို့ရည် ထောပတ် ပျား သကာ ဟူသော စတုမဓူအရသာသည် အချင်းချင်း နှီးနှောသင့်လျော် အစပ်တော်သကဲ့သို့ ဝေဒနာစသော နာမက္ခန္ဒာတို့၏ သမ္ပယုတ်ဖြစ်သော နာမက္ခန္ဒာတို့အား ဧကုပ္ပာဒဧကနိရောဓစသော လက္ခဏာ အာရုံညွတ်ခြင်း နမနသဘော နှီးနှောပေါင်းယှဉ်သောအားဖြင့် ကျေးဇူးပြုခြင်းဟုဆိုအပ်သော သမ္ပယုတ္တပစ္စည်း။
									
အစပ် အဖန် အငံ အခါး စသည်ပြားသော အရသာသည် အချင်းချင်းရောနှောပေါင်းထားဖြစ်လေငြားသော်လည်း တပါးသည် တစ်ပါးနှင့် နှီးနှောသင့်လျော် စပ်မတော်သကဲ့သို့ ရူပက္ခန္ဓာ၊ နာမက္ခန္ဓာ တရားတို့၏ အတူတကွ ကြောင်းအကျိုးဖြစ်သော်လည်းကောင်း ရှေးနောက်မဝေး အကြောင်းအကျိုးဖြစ်ကြသော်လည်းကောင်း ရုပ်၏သဘော နာမ်၏သဘော မနှောမယှက် သက်သက်သော အကြောင်းအကျိုးဖြစ်၍ ကျေးဇူးပြုခြင်းဟုဆိုအပ်သော ဝိပ္ပယုတ္တပစ္စည်း။
									
မြေကြီး မြင်းမိုရ် အစရှိသည့် ခပ်သိမ်း စိမ်းရှင် မြက်သစ်ပင်အပေါင်းတို့အား မိမိထင်ရှားရှိသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဒာလေးပါး မဟာဘုတ်လေးပါး အာရုံခြောက်ပါး ရုပ်ဝတ္ထုခြောက်ပါး ပဉ္စဝေါကာရနာမက္ခန္ဓာ၊ ဖဿ စေတနာ ဝိညာဏ ကဗဠီကာရအာဟာရ ရုပ်ဇီဝိတိန္ဒြေ အစရှိသော ပစ္စည်းတရားတို့၏ မိမိနှင့်ဆိုင်ရာ ပစ္စယုပ္ပန်တရားတို့အား တကွနက်ဖြစ်၍ ထင်ရှားရှိခြင်း၊ ထောက်ပံ့စေနိုင်သောအားဖြင့် တကွထင်ရှားရှိခြင်း အစိုးရဟောအားဖြင့် တကွထင်ရှားရှိခြင်း သတ္တိဖြင့် ကျေးဇူးပြုခြင်းဟုဆိုအပ်သော အတ္ထိိပစ္စည်း။
									
နေရောင်၏ ဝင်ပျောက်ခြင်းသည် လရောင်ထွန်းတောက်ခြင်းငှာကျေးဇူးပြုသကဲ့သို့ ရှေးရှေးသောစိတ်တို့၏ မိမိတို့ထင်ရှားမရှိ ချုပ်ပျောက်ခြင်းဖြင့် နောက်နောက်သောစိတ်တို့အား ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်းဟုဆိုအပ်သော နတ္ထိပစ္စည်း။
									
ညဉ့်၏ ကင်းကုန်ခြင်းသည် နေအာရုံတက်ခြင်းငှာကျေးဇူးပြုသကဲ့သို့ ရှေးရှေးသောစိတ်တို့၏ မိမိတို့ချုပ်ပျောက်ကင်းကုန်ခြင်းဖြင့် နောက်နောက်သောစိတ်တို့အား ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်းဟု ဆိုအပ်သော ဝိဂတပစ္စည်း။
									
မဟာသမုဒ္ဒရာသည် တိမိရ တိပိင်္ဂလ မဟာတိမိရ စသော ငါးကြီးတို့အား မိမိနှင့်မကင်းစကောင်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဓာ အစရှိသည်တို့၏ မိမိတို့ဆိုင်ရာ ပစ္စယုပ္ပန်တရားတို့အား ထင်ရှားတည်ရှိခြင်း မကင်းခြင်း ဖြင့် ကျေးဇူးပြုခြင်းဟုဆိုအပ်သော အဝိဂတပစ္စည်း။
									ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ 
									ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ 
									စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)
									
									အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ 
									မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ 
									အာရမ္မဏခေါ်)
									
									အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ 
									ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)
									
									အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) 
									ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ 
									ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
									
									သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း 
									အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော 
									တရားလည်းကောင်း။
									(စကြာမင်းဖျား၊ တောထွက်သွားသော်၊ 
									သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ 
									ကျေးဇူးရှိ)
									
									သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော 
									တရားလည်းကောင်း၊
									(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ 
									ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)
									
									အညမညပစ္စယော = အချင်းချင်းအပြန်လှန် 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
									(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ 
									ပြန်လှန်သမှု၊ ကျေးဇူးပြု)
									
									နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော 
									တရားလည်းကောင်း၊
									(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ 
									ကျေးဇူးပြု)
									
									ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ 
									ကျေးဇူးပြု၊ ဥပနိဿယခေါ်)
									
									ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ 
									နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
									
									ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော 
									တရားလည်းကောင်း။
									(လင်းတငယ်သော်၊ အစာမျှော်သို့၊ 
									နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူူးပြု)
									
									အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ 
									ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ 
									နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ 
									ဧကန်အာသေဝနသဘောတည်း။)
									
									ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော 
									တရားလည်းကောင်း။
									(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ 
									အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
									
									ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော 
									တရားလည်းကောင်း။
									(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ 
									အဖြစ်များမှု၊ ကျေးဇူးပြု)
									
									အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ 
									ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)
									
									ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ 
									ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
									
									ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ 
									စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ 
									ကြည့်ပြောငြားသို့။)
									
									မဂ္ဂပစ္စယော = သံသရာမှ 
									ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ 
									ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)
									
									သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ 
									ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)
									
									ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ 
									ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)
									
									အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ 
									ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)
									
									နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော 
									တရားလည်းကောင်း။
									(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ 
									ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)
									
									ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ 
									ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
									(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ 
									ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)
									
									အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော 
									တရားလည်းကောင်း။
									(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ 
									ယင်းတရားစု၊ ကျေးဇူးပြု။)
									
									ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ 
									နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ 
									သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ 
									ဟောန္တိ၊ ဖြစ်ကုန်၏။